ဘန်ကောက်၊ ဧပြီ ၂၇
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင် နေပြီး Facebook အသုံးပြုကာ မိခင်အရင်း ရှာပုံတော်ဖွင့်ခဲ့သူ
မမြင့်မြင့်အေးသည် သင်္ကြန်တွင်း အလုပ်ပိတ်ရက်တွင် ဘန်ကောက် မြို့ရှိ
သူမနေထိုင်ရာ အခန်း၌ အသတ်ခံခဲ့ရ ကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသော
ထိုင်းနေ့စဉ် သတင်းတွင် ဖော်ပြထားသည်။
အသတ်ခံရသူမှာ ဘန်ကောက်မြို့
ကုန်တိုက်တစ်ခုတွင် အရောင်းဝန်ထမ်း အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး Facebook
ပေါ်တွင် သုံးစွဲသောအမည်မှာ Sky Queen ဖြစ်သည်။ ဘန်ကောက်မြို့ရှိ
မိတ်ဆွေအသိုင်းအဝိုင်းများ အကြားတွင်မူ သူမကို မသဲသဲသော်ဟု ခေါ်ဝေါ်လေ့ရှိကြ
သော်လည်း နိုင်ငံကူး လက်မှတ်တွင် အမည်ရင်းမှာ မမြင့်မြင့်အေးဖြစ်သည်။
လက်နှစ်ဖက်ကို ခါးပတ်ဖြင့် ချည်နှောင်ထားပြီး မျက်နှာတွင်စောင်ဖုံးကာ သေဆုံးနေသော အသက် ၂၆ နှစ်ရှိ မမြင့်မြင့်အေးကို သတ်ဖြတ်သူကို အသတ်ခံ ရပြီး ၁၀ ရက်ကျော်အကြာ ဧပြီ ၂၄ ရက် နေ့တွင် ဖမ်းမိခဲ့သည်။ ကာမဆက်ဆံရန် ငြင်းပယ်သော ချစ်သူဖြစ်သူကို အတင်း အဓမ္မကျင့်ရန် ကြိုးစားရာမှ သတ်ဖြတ်မိခဲ့ သည်ဟု တရားခံစိုးစိုးခိုင်က ဝန်ခံထား ကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ထိုင်းနေ့စဉ်သတင်းတွင် ဖော်ပြထားသည်။
သင်္ကြန်မတိုင်မီက သူမ၏ Facebook ပေါ်တွင် ကြေညာ၍ မိခင်ဖြစ်သူကို ရှာဖွေခဲ့ဖူးပြီး အသတ်မခံရမီ တစ်ရက်အလို ဧပြီလ ၁၂ ရက်နေ့က "မေမေ သင်္ကြန် အလုပ်နှစ်ရက်ပိတ်တယ်။ သဲ သယ်ရင်း (သူငယ်ချင်း) တွေ မိဘအိမ်ပြန်ကြပြီ။ သဲတစ်ယောက်တည်း ပြန်စရာမိဘအိမ် မရှိဘူး မေမေရဲ့" ဟု သူမ၏ Facebook စာမျက်နှာပေါ်တွင် ရေးသားထားသည်။
မြိတ်မြို့တွင် မွေးစားမိဘများနှင့် ကြီးပြင်းခဲ့ရပြီး ထိုင်းနိုင်ငံသို့ လာရောက် အလုပ်မလုပ်မီ မြန်မာနိုင်ငံမှာ ကတည်းက ပင် မိဘအရင်းများကို ရှာဖွေနေခဲ့ကြောင်း သူမက ယင်းစာမျက်နှာတွင် ဖော်ပြထားသည်။
"သဲမွေးစားအဖေ အမေတွေလည်း ဆုံးသွားပါပြီ။ သဲတစ်ယောက်တည်း ဘဝကို ရပ်တည်နေပါတယ် အမေ။ အမေလည်း သဲကို တွေ့ချင်နေမယ်လို့ သဲယုံကြည်နေ တယ်။ ဒါကြောင့် ဒီစာလေးရေးပြီး အမေ့ကို ရှာနေတာပါ။ မသေခင်လေး အမေ့ကို တွေ့ချင်တယ်" ဟု ၄င်းက ရေးသားထားသည်။
မြိတ်မြို့အလယ်ကျွန်းရပ် ပုလဲသီတာ ဆေးခန်းတွင် မွေးဖွားခဲ့ပြီး ဒေါက်တာ ခင်မိမိဟန် လက်အတွင်းသို့ ကလေးကို အပ်နှံခဲ့ကြောင်း၊ ထိုမှတစ်ဆင့် မွေးစား အဖေ အမေများထံ ရောက်ရှိခဲ့ကြောင်း Facebook စာမျက်နှာပေါ်တွင် ရေးထားပြီး သူမကို ဆက်သွယ်အကြောင်းကြား
နိုင်သည့် လက်ကိုင်ဖုန်းနံပါတ်ကိုလည်း ဖော်ပြထားသည်။
လူသတ်မှုကျူးလွန်မိကြောင်း ဝန်ခံထားသူ စိုးစိုးခိုင်နှင့် အသတ်ခံရသူတို့သည် Facebook ပေါ်တွင် ခင်မင်ရင်းနှီးရာမှာ လွန်ခဲ့သော တစ်လခန့်က ချစ်သူများ ဖြစ်လာခဲ့ပြီး မမြင့်မြင့်အေး၏ အခန်းတွင် စိုးစိုးခိုင်နှင့် တွေ့ဆုံစဉ် ကာမဆက်ဆံရန် တောင်းဆိုမှုကို ငြင်းပယ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနေ့စဉ် သတင်းတွင် ရေးသားထားသည်။
စိုးစိုးခိုင်မှာ မြန်မာအလုပ်သမား များ အများစုနေထိုင်ရာ စမွန်ပကန်မြို့နယ် ပက်နမ့်ဈေးတွင် ငါးရောင်းချသော အလုပ်သမားတစ်ဦး ဖြစ်ပြီး ရည်ရွယ်ကာ လူသတ် ကျူးလွန်မှုဖြင့် သူ့ကို ဆုထိဆန် ရဲစခန်းက အမှုဖွင့်ထားသည်။
"အခုလိုဖြစ်သွားတာ ကိုယ့်မြန်မာ ပြည်သားအချင်းချင်း စိတ်မကောင်းဘူးပေါ့။ အချင်းချင်း လာလုပ်စားကြတာ"ဟု မမြင့်မြင့်အေး၏ အသုဘတွင် စီစဉ်ပေးနေ သူ ဦးဖိုးဇော်က ပြောကြားသည်။
သင်္ကြန်ကာလအတွင်း မမြင့်မြင့်အေး ၏အခန်းဖော် မြန်မာနိုင်ငံသို့ ခေတ္တပြန် သွားရာမှ ထိုသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။
မမြင့်မြင့်အေး၏ ရုပ်အလောင်းကို ဘန်ကောက်မြို့ စဖန်းခွဲ မိုးပျံရထားဂိတ် အနီးရှိ ဝတ်ဖိုင်ဒါန်း ထိုင်းဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းတွင် ဧပြီလ ၂၈ ရက်နေ့ ၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်း ဦးဖိုးဇော်က ပြောဆိုသည်။
credit toစိုင်းစိုး (Dawei Watch)
0 comments:
Post a Comment