Welcome to Dawna Thar.

Nov 24, 2010

အသက်ရှည်ဆေး(ပျားရည်)

ပျားရည် ကို မြန်မာမှုနယ်ပယ်မှာ အသက်ရှည်ဆေး လို့ တင်စားကြပါတယ်။ ပန်းပေါင်းတစ်ထောင်လို့လဲ တင်စား ခေါ်ဝေါ်ကြပါတယ်။ ပျားရည်ကို မြန်မာအမည် ပျားရည် ၊ ပါဠိအမည် မဓု ၊ သက္ကတအမည် မဓု Madhu, Makshika ၊ ဟိန္ဒီ အမည် Ben, Madha စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ မြန်မာ ဘယဆေးလောကမှာ သစ်ရွက်ပေါင်း တစ်ထောင်မှာ (ဆိတ်ချေး) ၊ အခိုးပေါင်းတစ်ထောင်မှာ (ကျပ်ခိုး) ၊ ပန်းပေါင်းတစ်ထောင်မှာ (ပျားရည်) လို့ ဆိုးရိုးရှိပါတယ်။.
ပျားရည်ရဲ့ ဂုဏ်နဲ့အစွမ်းကတော့ .....
ပျားရည်စစ်လျှင် ပြောင်းလဲဖောက်ပြန်မှု မရှိပေ။ တိုးလာခြင်း ၊ လျော့နည်းသွားခြင်းလည်း မရှိပေ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော် သုံးထောင်မှ အီဂျစ်ရှိ ဖေရို ဘုရင်များ၏ ဂူသင်္ချိုင်းများကို တူးဖော်ရာတွင် ပျားရည်များကို တွေ့ရှိရသည်ဟု ဆိုသည်။ အဆိုပါ ပျားရည်များသည် နှစ်ပေါင်းများစွာကြာမြင့်သော်လည်းအရသာမပျက်ပေ။ သို့ရာတွင် အရောင်မှာ မည်းညစ်နေသည်ဟု ဆိုပေသည်။ ဤသည်မှာ ထူးခြားလှသော ပျားရည်၏ ၀ိသေသ လက္ခဏာ ရပ်ဖြစ်ပေသည်။
ဘုရားလက်ထက်
ဗုဒ္ဓရှင်တော်ဘုရားသည် ရဟန်းတော်များနှင့် သတ္တ၀ါတို့အား အသက်ရှည်ရာ အနာကင်းဝေးရေးအတွက် ပျားရည် အဓိကပါသည့် (စတုမဓူဆေး) တော်ကို မဟာဝါဘေသဇ္ဇခန္ဓ၀ဂ် တွင် ဟောတော်မူခဲ့သည်။ ထို့ကြောင့် ရှင်တော်ဗုဒ္ဓ ၏ ပထမဦးဆုံးသော အသက်ရှည်ရာအနာကင်းကြောင်းဆေးတော်ဟု ဆိုသင့်လှပေသည်။ ထို့ကြောင့် မြန်မာ့ရှေးသူဟောင်း တို့သည် စတုမဓူ အသက်ရှည်ဆေးကို အမြတ်တနိုးထားကာ မှီဝဲသုံးဆောင်ခဲ့ကြသည်။ သုံးဆောင်ဆဲလည်း ဖြစ်သည်။ ထို့ကြောင့် နောင်လာနောက်သားတို့ မှတ်သားလွယ်ကူစေရန် ကဗျာတို့ဖြင့် ဖွဲ့နွဲ့ သီကုံးခဲ့ကြသည်။ ယင်းတို့မှာ
(၁) နှမ်း ၊ ထော ၊ တင် ၊ ပျား ၊ ဤလေးပါး ၊ ယူငြားမဓူမှတ်။
(၂) ဧက် ၊ ဒွေး ၊ ပဉ္စ ၊ သတ္တရ ၊ ပေါင်း တစ်ဆယ့်ငါးကျပ်။
(၃) ရိပ်တွင်မွှေကာ ၊ ရောစပ်ပါ ၊ ရသာဂုဏ်ကြီးမြတ်
(၄) စတုမဓူ ၊ သုံးလိုသူ ၊ ဖော်ယူ ဤနည်းမှတ်။
(၅) သွေးသားဖွံ့ဖြိုး ၊ အားခွန်တိုး ၊ ကောင်းကျိုးဖြစ်စေတတ်
အထက်ပါ သံပေါက် ၅ ပိုဒ်အရ ရသာယန အာယုဝဍ္ဎန ဆေးမျိုးဖြစ်သော စတုမဓူ တွင် ပျားရည်ကို အများဆုံး ကဲထားသည်ကို တွေ့ရှိရပါသည်။
စတုမဓူ
ကျေးဇူးရှင် သဘာဝဓမ္မ ဆရာတော်ဘုရားကြီး၏ စတုမဓူဆေး ဖော်စပ်ပုံမှာ
(၁) ကြံသကြား ၂၅ ကျပ်
(၂) ပျားရည် ၂၅ ကျပ်
(၃) နှမ်းဆီ ၂၅ ကျပ်
(၄) ထောပတ် ၃၀ ကျပ်
ယင်းတို့ကို ကြွေရည်သုတ်ဇလုံတွင် ရေနွေးငွေ့ဖြင့် ၂ နာရီခန့်ချက်။ အရသာ (အေး ၊ ချို ၊ ဆိမ့်) ၊ အကျိုးသွား (သီတ၊ ပထ၀ီဖြစ် ၊ လေကြေ ၊ အာကာသရ) ။ ဆရာတော်ကြီးသည် သကြားကို အသုံးပြုထားသည်မှာ တင်လဲအစား အဋ္ဌကထာ များ၏ အဆိုအရ သုံးထားသည်ကို သတိပြုရမည်။

ဗိမ္ဗိသာရနှင့် စတုမဓူ
ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် အခါတစ်၌ ဒေ၀ဒတ်၏တိုက်တွန်းချက်အရ အဇာတသတ်မင်းသားသည် ဖခင်ဗိမ္ဗိသာရဘုရင်ကို အခိုးထွက်သော အကျဉ်းထောင်၌ သွင်းလှောင်၍ အစာအာဟာရဖြတ်တောက်ပြီး သေစေရန်ထားလေသည်။ ထိုအခါ မိဖုရားကြီးသည် မိမိတစ်ဦးတည်းသာ ၀င်ခွင့်ရသဖြင့် ရွှေခွက်၌ စားတော်ထမင်းကိုထည့် ပြီး ခါးပိုက်၌ ဖုံးအုပ်ယူဆောင် ကျွေးမွေးလေသည်။ ထိုအကြောင်းကို သားတော်ကြား၍ တားမြစ်သောကြောင့် ဆံထုံးထဲ ထည့်ဝှက် ယူဆောင်ကျွေးမွေးပြန်သည်။ တစ်ဖန် သားတော်က တားမြစ်သောကြောင့် မိဖုရားကြီးသည် မိမိကိုယ်ကို နံ့သာရည်ဖြင့် စင်ကြယ်စွာချိုးပြီး (စတုမဓူ) ဖြင့် ကိုယ်ကိုလိမ်း၍ အပေါ်ရုံဖုံးအုပ်ကာ ယူဆောင်၍သွား ပြန်သည်။ မင်းကြီးသည် ထိုစတုမဓူကိုလျက်၍ အာဟာရမျှတစေပြန်သည်။ ဤကား စတုမဓူ ဖြင့် ဗိမ္ဗိသာရဘုရင်၏ အသက်ကို ကယ်ဆယ်မျှတခဲ့ပုံတည်း
ဤ စတုမဓူ စပ်နည်းကို နှစ်နည်းရှိပါသည်။ ပထမနည်းမှာ
(၁) ထောပတ်
(၂) သကြား
(၃) ပျားရည်
(၄) အုန်းဆီ လေးမျိုးစပ်တည်း။
ဒုတိယနည်းမှာ -
(၁) ဒိန်
(၂) ပျားရည်
(၃) ထောပတ်
(၄) တင်လဲရည် လေးမျိုးစပ်တည်း။
မြန်မာတို့ အိမ်တိုင်းလိုလိုတွင် ပျားရည်ကို အသုံးပြုလိုက အသင့်ရရှိစေရေန် ဆောင် ထားတတ်ကြသည်မှာ ယခုမှမဟုတ်။ ရှေးအစဉ် အဆက်ဆက်မှပင် ဖြစ်သည်။


မွှေးကင်းစနှင့်ပျားရည်
မွေးကင်းစ ကလေးငယ်များအတွက် နို့ချိုမတိုက်ကျွေးမီ ပျားရည်တစ်ဇွန်းကို ရေကျက်ရေနွေး တစ်ဇွန်းဖြင့် ရောစပ်၍ ကလေးသူငယ်အား လျှာကိုပွတ်ပေးခြင်း ၊ ပါးစပ်ကို ဆေးကြောခြင်းများ ပြုလုပ်ပေးလေ့ရှိသည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ခံတွင်း သန့်ရှင်းစေပြီး အခြားပိုးမွှားများကိုလည်း သေစေသည်။ ( ပျားရည်၏ တန်ခိုးသတ္တိသည် အခြားရောဂါနှင့် ပိုးမွှားများကိုလည်း သေစေ၍ ပျောက်ကင်းနိုင်သော စွမ်းပကားထူးရှိသည်။)
ထို့နောက် စောစောက ရောစပ်ထားသော ပျားရည်ကိုအစက်ချ၍ ကလေးငယ်အားတိုက်ကျွေးသည်။ ဤသို့
ပြုလုပ်ပေးခြင်းဖြင့် ကလေးငယ်၏ ပါးစပ်သန့်ရှင်းမှုနှင့် ၀မ်းတွင်းသို့ရောက်သွားသည့်အခါ ကလေး၏အစာအိမ်တွင်
မိခင်နို့ရည်အား အလွယ်တကူကြေညက်စေရန် ပျားရည်က ဦးစွာစောင့်နေခြင်းသဘောပင်ဖြစ်သည်။ ဤသည်တို့မှာ
မြန်မာ့ရိုးရာဆေးပညာ၌ ဦးစွာပထမ ပျားရည်ကို သုံးစွဲမှုပင်ဖြစ်သည်။

ရင်ကျပ်နှင့်ပျားရည်
ကလေးငယ်များ လသားအရွယ်၊ နှစ်သားအရွယ်သို့ရောက်ပြန်သောအခါ ချွဲကျပ် ရင်ကျပ်ဖြစ်နေပါက ပျားရည်နှင့် သံပရာရည် ဆတူရောစပ်၍ လသားဖြစ်လျှင်အစက်ချ၍လည်းကောင်း နှစ်သားဖြစ်လျှင်ကော်ဖီဇွန်းဖြင့်လည်းကောင်း တိုက်ကျွေးရသည်။ ထိုသို့ တိုက်ကျွေးပေးခြင်းဖြင့် ရင်ကျပ် ချောင်းဆိုးခြင်းဝေဒနာမှ ပျောက်ကင်းပေသည်။

ပျားရည်နှင့်သန်
ကလေးငယ်များ၌ သန်ထခြင်း၊ တုတ်ကောင်များထိုးခြင်း၊ ဗိုက်ပူနံကားဖြစ်နေခြင်း၊ အားနည်း အစားမစားခြင်း ဖြစ်နေပါကလည်း အုန်းနို့ ကြွေဇွန်းကြီးတစ်ခုကို ပျားရည်တစ်ဇွန်းဖြင့်ရောစပ်၍ မနက်စောစောတွင် တိုက်ကျွေး၍ ညပိုင်းတွင် ကလေးအပုပ်ချဆေးကို တိုက်ကျွေးပါက ကျန်းမာဝဖြိုး၍ သန်ကောင် တုတ်ကောင်များ ကင်းရှင်းသွား နိုင်ပါသည်။
ပျားရည်သည် မူလအားဆေးဖြစ်သည့်အတိုင်း ကျား/မ အရွယ်မရွေး လူလတ်ပိုင်းအတွင်းသို့ရောက်လာသည့် အခါ နေ့စဉ်ပျားရည်ကိုသုံးဆောင်သွားပါက မူလသဘာဝအားများ မယုတ်လျော့စေသည့်အပြင် ကုန်ဆုံးသွားသော အင်အားများကိုလည်း ပြန်လည်ပြည့်ဖြိုးစေနိုင်ပါသည်။
အောက်ပါ အလွယ်တကူဖော်စပ်နိုင်သော အသက်ရှည်၍အားအင်ပြည့်ဖြိုးစေသော နည်းများအတိုင်းဖော်စပ်၍ နေ့စဉ်စားသုံးပေးမည်ဆိုပါက ကျန်းမာဝဖြိုး အလှတိုးစေပြီး အသက်ရှည်စွာ လူ့လောကတွင် နေထိုင်နိုင်သော လူတစ်ယောက်ဖြစ်လာမည်မှာ မလွဲပေ။ ယင်းတို့မှာ .....
၁။ မြင်းခွာရွက် ပဉ္စငါးပါးမှုန့် ၅ ကျပ်သားကို ပျားရည် ၁၀ ကျပ်သားနှင့် ဖျော်စပ်ပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ်
ကြွေဇွန်းကြီးနှင့် သုံးဆောင်ပါ။
၂။ မြင်းခွာရွက်သတ္ထုရည် (ထောင်း၍အရည်ညှစ်ထားသော အရွက်စိမ်းရည်) ကြွေဇွန်းကြီးတစ်ဇွန်းကို ပျားရည်
တစ်ဇွန်းဖြင့် ရောစပ်၍လည်း နေ့စဉ်သုံးဆောင်နိုင်သည်။
၃။ ကြစုမှုန့် ၅ ကျပ် ၊ ပျားရည် ၁၀ ကျပ်နှင့်ရောစပ်ပြီး နေ့စဉ်သုံးဆောင်ပါကလည်း ရောဂါကင်း၍ ကျန်းမာဝဖြိုး
အသက်ရှည်စေနိုင်ပါသည်။


မေ့တတ်သောရောဂါနှင့်ပျားရည်
အထူးသဖြင့် ကျောင်းသူကျောင်းသားများ နေ့ညမပြတ်ပညာကိုကြိုးစားနေသောအချိန်တွင် ဦးနှောက်မကြည်လင် ဘဲ ကျောင်းစာကိုမကြည့်ချင်ခြင်း ၊ ရရှိပြီးသောစာများကို အလွယ်တကူ မေ့ပျောက်သွားခြင်း ၊ မအီမသာဖြစ်နေခြင်း ၊ အားအင်ကုန်ခမ်း မောပန်းလွယ်ခြင်း ၊ စာကို စိတ်မ၀င်စားခြင်း စသည့် လက္ခဏာများဖြစ်ပေါ်နေပါက ပျားရည်ကို နေ့စဉ်စားသုံးပေးလျှင် ပျားရည်၏အစွမ်းသတ္တိများကြောင့် ဦးနှောက်ကြည်လင်၍ ပညာကိုတိုးပွားရရှိပြီး စာပေများကို မမေ့မပျောက်ရှိနေမည်ကို အံ့သြစွာ တွေ့ရမည်။

ပျားရည်နှင့်အားကစား
အားကစား မောင်/မယ်များအတွက်လည်း ပျားရည်သည် အဓိကအခန်းက ပါဝင်နေပြန်သည်။ အားကစားမောင်/ မယ်များသည် ကုန်ခမ်းသွားသည့်အားများကို ပျားရည်မှ ပြန်လည်၍ ရယူနိုင် ပါသည်။ အားကစားသမားများအတွက် ပျားရည်ထက်ကောင်းသော အားဆေးသည်မရှိသေးဟု ကမ္ဘာ့ဆေးဝါးပါရဂူများက မိန့်ဆိုကြသည်။ ပျားရည်ကိုစားသုံး ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများသို့ ချက်ချင်းရောက်ရှိသွားပြီး လိုအပ်သည့် အားအင်သစ်များကို တစ်ဖန်ပြန်၍ ပေးပေသည်။ ထို့ကြောင့် အားကစားမောင်မယ်များ အားသစ်မွေးချိန်တွင် ပျားရည်ကိုနေ့စဉ်မှန်မှန် စား သုံးပေးရန်လိုသည်။ ထို့အပြင် ပြိုင်ပွဲမ၀င်မီ ပျားရည်ကို ကြွေဇွန်းတစ်ဇွန်းစားသုံးပေးခြင်းဖြင့် အောင်ပန်းကိုဆွတ်ခူး နိုင်မည်မှာ မလွဲပေ။
ပျားရည်သည် မသေဆေးရည်(သို့)ပန်းပေါင်းတစ်ထောင်ဟုတင်ပြခဲ့သည့်အတိုင်းအသက်ကြီး ၍ ကျားကန်ရ သည့်ဘ၀မျိုးသို့ ရောက်စေကာမူ ပျားရည်ကို နေ့စဉ်စားသုံးပေးပါက ရုပ်ပျို၍ လူငယ်များကဲ့သို့ ကိုယ်နုနေမည်ဖြစ် သည်။

ပျားရည်နှင့်သူတို့အမြင်
ပျားရည်ဓာတ် စွမ်းပကားသည် ပိန်သူကို ၀ စေ၍ ၀ သူကို ပိန်စေနိုင်သည်။ ပျားရည်သည် လူပိန်အဖို့ အာယုဗလ ဆေးတလက်ဖြစ်သလို လူအိုအဖို့ရာ တွင်လည်း အာယုဒီဃဆေးပင်ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးတို့အဖို့မူ အာယု သိဒ္ဓိဆေးဖြစ်သည်ဟုဆိုက မမှားပေ။ ပျားရည်ကို တစ်သမတ်တည်းပင် တကယ်စွဲ ၍စားသုံးသွားပါလျှင် များစွာသော ဝေဒနာတို့ကို သွေခွာထွက်ပြေး သွားနိုင် ပေသည်။ ထို့ကြောင့် အာယုဗ္ဗေဒဆေးကျမ်းများ၌ Natures Elixir of Health သဘာဝနတ်ဆေးရည်ဟူ၍ တင်စားခေါ်ဝေါ်ထားခဲ့ပေသည်။
ပျားရည်နှင့်ပတ်သက်၍ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ဥတုဘောဇန သင်္ဂဟကျမ်းတွင် ပျားရည်၏ အကျိုးသတ္တိကို အောက်ပါအတိုင်း ဖော်ပြထားပေသည် ...
ပျားရည်ဟူသမျှသည်ချို၏။ စဉ်းငယ်ဖန်၏။ အဆီမရှိ၊ ကျေလွယ်၏ ၀မ်းမီးကိုတောက်စေ၏။ အနည်း ငယ်စားလျှင်ဝမ်းချုပ်၏။ ၀အောင်စားလျှင် ၀မ်းပျော့ပျော့သွား၏။ လူကိုပိန်စေတတ်၏။အသံကိုကောင်းစေတတ် ၏။ မျက်စိနှင့်သင့်၏။ ပေါက်သောအမာကို သုတ်သင်စေတတ်။ပေါက်သောအမာကို တင်အပ်၏။ ကိုယ်အပေါက် ငယ်တို့ကိုဝင်၍ ပျံ့နှံ့စေတတ်၏။အရွယ်ကိုပျိုစေတတ်၏။ သွေးလေအရသာတို့ သွားရောလမ်းကို သုတ်သင် ရှင်းလင်းစေတတ်၏။နှလုံးကို နှစ်သက်စေတတ်၏။ လွန်စွာ ကြည်လင်ခြင်းကိုပြုတတ်၏။ အဆင်းကိုကောင်းစေ တတ်၏။ဂုဏ်ပညာတိုးပွားစေတတ်၏။ သုတ်ကိုလည်း ပွားစေတတ်၏။ ခံတွင်းကိုရှင်းစေတတ်၏။နှုတ်ကိုမြိန်စေ တတ်၏။ နူနာ မြင်းစရိုက်နာ၊ ချောင်းဆိုးနာ၊ သွေး၊ သည်းခြေ၊ သလိပ်မောဟနာ၊ မောပန်းသောအနာ၊ ပိုးနာ၊ အဆီခဲနာ၊ ရေငတ်နာ၊ အော့အန်သောနာ၊ ပန်းနာ၊ရှူရှိုက်နာ၊ ၀မ်းသွန်ဝမ်းပျက်နာ၊ ၀မ်းချုပ်နာ၊ ကိုယ်ပူနာ၊ ထိခိုက် ရှနာသောအနာ၊ဓာတ်အားခွန်အားကုန်ခန်းသော အနာတို့ကိုနိုင်၏။ စဉ်းငယ် လေကိုပျက်စေတတ်၏။ မေထုန်ကို များစွာမှီဝဲစေနိုင်၏။ အဆိပ်ကိုနိုင်၏ ဟူ၍ ဖော်ပြထားပါသည်။


အနောက်တိုင်းဆေးပညာနှင့်ပျားရည်
ပျားရည်သည် ပတ်ဝန်းကျင်အခြေအနေ(အထူးသဖြင့် စိုထိုင်းမှု) ၀တ်ရည်ရယူသောပန်းများ၊ ပျားရည် ထုတ်ယူစဉ် ၀တ်ရည်၏ရင့်မှည့်မှု၊ ပျားရည်ထုတ်ယူသည့် နည်းစနစ်နှင့် ထားသိုမှုအခြေအနေ စသည်တို့ကိုလိုက် ၍ပျားရည်တွင် ပေါင်းစုပါဝင်သော အဟာရဓာတ်များ ကွဲလွဲမှုရှိပေသည်။
အမေရိကန်ပြည်ထောင်စုစိုက်ပျိုးရေးဌာနမှ ပျားရည်ကို ဓာတ်ခွဲထားသည်မှာ အောက်ပါအတိုင်းဖြစ်သည် ရေ - ၁၇.၇ %
ဒက်စ်တြို့စ် - ၃၄.၀၂ %
လီဗျူလို့စ် - ၄၀.၅ %
ဆူးကရို့စ် - ၁.၉ %
ဒက်စ်တြင်း - ၁.၅၁ %
ပြာဓာတ်(သတ္တု) - ၀.၁၈ %
အက်ဆစ် - ၀.၀၈ %
ပရိုတိန်း - ၀.၄ %
စသဖြင့် ပါဝင်ပေသည်။ အဆီမှာအနည်းငယ်၊ သို့မဟုတ် လုံးဝမပါရှိပေ။

သတ္တုပြာဓာတ် ၀.၁၈ % ပါဝင်သည်တွင်ကယ်လ်စီယမ် ၅ မီလီဂရမ် ၊ ဖော့စ်ဖရပ်စ် ၁၅.၁၇ မီလီဂရမ်၊ သံဓာတ် ၀.၄ - ၁ မီလီဂရမ်အသီးသီးပါရှိပြီး ကြေးနီ ၊ မင်းဂနီးစ် ၊ မဂ္ဂနီဆီယမ် ၊ ဆိုဒီယမ် ၊ ပိုတက်ဆီယမ် ၊အလူမီနီယမ်ကလိုရင်း ၊ စီလီကာနှင့် ဆယ်ဖာစသည်တို့ အနည်းငယ်ပါကြသည်။ယင်းသတ္တုပြာဓာတ်သည် အရောင်ရင့်သော ပျားရည်များထက် ဖြူဖျော့သည့် ပျားရည်တွင်ပိုမိုပါရှိလေသည်။
ဗီတာမင်ပါဝင်နှုန်း
ဗီတာမင် စီ ၁.၀ - ၆.ဝ
ဗီတာမင် ဘီ - ၁ ၀.၀၀၂၁ - ၀.၀၀၉၁
ဗီတာမင် ဘီ - ၂ ၀.၀၃၅ - ၀.၁၄၅
ဗီတာမင် ဘီ - ၆ ၀.၀၂၁၀ - ၀.၄၄၀
ပင်တိုသင်းနစ်အက်ဆက် ၀.၀၄၇ - ၀.၁၉၂ နှင့် ဗီတာမင် အေအနည်းငယ်တို့ ပါဝင်ကြသည်။အခြားပါဝင်ျားမှာအင်ကိုင်းများ၊ အရောင်အသွေးကို ဖြစ်စေသော ကဲရော့တင်၊ ဒင်သိုဖီးလ် နှင့်ကရိုလိုဖီးလ်၊ မော်တို့စ်၊ သကြားဓာတ်၊ တဆေးနှင့် ပျားဖယောင်းတို့ ဖြစ်ကြသည်။ပျားရည် ဂရမ် ၁၀၀ ၏ ကယ်လိုရီတန်ဖိုးမှာ ၂၈၀ မှ ၃၃၀ ကယ်လိုရီဖြစ်သည်။
ပျားရည်တွင် ရေပါဝင်မှုနှုန်း ၂၁.၅ရာခိုင်နှုန်း အထက်တွင်ရှိလျှင် ၎င်းတွင်ပါရှိသော တဆေးများတိုးပွား လာပြီးပျားရည်အချဉ်ပေါက်တတ်သည်။ ထိုသို့မဖြစ်အောင် ပျားရည်ကို ၁၄၅ ဒီဂရီ ဖာရင်းဟိုက်အထိမိနစ် ၃၀ ကြာ အပူပေးရသည်။ ယင်းသို့ ပြုလုပ်ပေးလိုက်ခြင်းအားဖြင့်အပွင့်အခဲဖြစ်ခြင်းကိုပါ ကာကွယ်ရာရောက်ပေ သည်။ လီဗျူရိုစ် နှင့် ဒက်စ်တြို့စ်အချိုးအစားနည်းသော ၊ တနည်းအားဖြင့် အခဲမြန်သည့်ပျားရည်ကိုမူ ၁၅၅ မှ ၁၆၀ဒီဂရီဖာရင်းဟိုက်အထိ အပူပေးရသည်။ အပူပေးလွန်းပါကလည်းပျားရည်အရောင်ရင့်လာသည်နှင့် အမျှ မူလအနံ့ပါ ပျောက်သွားတတ်သည်။ ထို့အပြင်အပူချိန်မြင့်သော နေရာတွင်လည်းကောင်း၊ အပူလှောင်သော အခန်းများတွင်လည်းကောင်းရှည်ကြာစွာ သိုလှောင်နေသော အခန်းများတွင်လည်းကောင်း ရှည်ကြာစွာသိုလှောင်ထား ပါလျှင် ယင်းပြောင်းလဲခြင်းများ ဖြစ်လာနိုင်သည်။
ပျားရည်နှင့်အဟာရညီမျှကိန်း ပျားရည် ၁၂ ပိုင်း ၁ပိုင်းကျပ်သား စားသုံးခြင်းသည် နို့ ၇၂ ကျပ်သား (သို့) မလိုင်ဒိန်ခဲ တစ်ပိဿာ(သို့) အသား ၂၂ ကျပ်သား (သို့) အရိုးမဲ့ ပင်လယ်ငါး ၂၇ ကျပ်သား (သို့) လိမ္မော်သီးရှစ်လုံး (သို့) ကြက်ဥ ၁၀ လုံး စားသောက်ခြင်းနှင့် ညီမျှသော အာဟာရကို ဖြစ်စေသည်။ ၎င်းအပြင်ပျားရည် ၇၂ ကျပ်သားသည် နေ့စဉ်လိုအပ် သော ကယ်လိုရီတန်ဖိုးကို ရစေနိုင်ပေသည်။

( မှတ်ချက်။ မောင်ယဉ်နွယ် ပြုစုရေးသားသည့် အသက်ရှည်ဆေးဖက်ဝင် နွယ်မြက်သစ်ပင် စာအုပ်မှ မှတ်သားထား သည်အား ပြန်လည်တင်ပြခြင်းဖြစ်ပါသည် ) ..
မြန်မာချစ်သူများမှ

0 comments:

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!